ရွှေတိဂုံစေတီတော်သမိုင်း

ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
အမည်ခေါ်တွင်ပုံ
ရွှေတိဂုံစေတီတော်အကြောင်းဆိုပေမဲ့ ကျွန်တော် ရွှေတိဂုံ ဆိုတဲ့အမည်နာမဘယ်ကနေစတင်ပေါက်ဖွားလာသလဲဆိုတဲ့ မေးခွန်းကိုဘဲ အထူးပြုဖော်ပြသွားပါရစေ ။ ဒီမေးခွန်းဖြေဖို့ ကျွန်တော်တို့သမိုင်းကြောင်းကို ပြန်ဆန်းစစ်ကြည့်ရမှာပါ ။ သမိုင်းဟာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အမြဲထာဝရ သက်သေခံနေတဲ့ မှတ်ကျောက်တစ်ခုပါ။ သမိုင်းနဲ့ဘဲ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ဆုံးဖြတ်အတည်ပြုကြတာမဟုတ်လား။ ဒါကြောင့် ရွှေတိဂုံဆိုတဲ့ စကားလုံးဘယ်ကနေ ပေါက်ဖွားလာသလဲဆိုတာကိုသိဖို့ ပထမဦးဆုံး အဲဒီစေတီကို ဘယ်သူစတင်တည်ထားကိုးကွယ်သလဲဆိုတာကို ကျွန်တော်တို့သိရပါမယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲဗျာ။
ရွှေတိဂုံစေတီတော်ကို ရာမညတိုင်းရှင်မွန်ဘုရင် ဥက္ကလာပမင်းကြီး ဦးဆောင်ပြီး တဖုတ္တ နဲ့ ဘလိက္က မွန်ကုန်သည်ညီနောင်နှစ်ပါးတို့နဲ့အတူ ရာမညတိုင်းသားတို့ကတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တော်တော်များများ (အများအားဖြင့် နောက်ပိုင်းလူငယ်တွေပေါ့) က ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ ဗမာလူမျိုးလို့ ထင်မှတ်ကြပါတယ်။ ရွှေတိဂုံစေတီတော် သမိုင်းကြောင်း ကို ရေးထားတဲ့ စာအုပ်တွေမှအစ ဘုရားရဲ့ သမိုင်းကြောင်းကို စပ်ဆိုထားတဲ့ သီချင်းတွေကအလယ် ဓမ္မပူဇာတေးကအဆုံး တည်ထားကိုးကွယ်သူတွေရဲ့ လူမျိုးကို တိတိကျကျရေးထားတာကို ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက် မတွေ့ဖူးပါဘူး။ မြန်မာပြည် ရာမညတိုင်းမှ မွန်ကုန်သည် တဖုတ္တ နဲ့ ဘလ္လိက ညီနောင် ရယ် ၊မွန်ဘုရင် ဥက္ကလာပ မင်းကြီးရယ် တည်ထားကိုးကွယ်တဲ့ခုနှစ်ရယ် ဆိုတာကို ဘဲတွေ့ရှိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလဲ မြန်မာပြည်သားဆိုတော့ တည်ထားကိုးကွယ်တဲ့ လူမျိုးကိုလည်း
ဗမာလူမျိုးလို့ ယူဆကြမှာဘဲ။ ဒါဟာလည်းဖြစ်နိုင်ပါတယ်။ တကယ်တမ်းကျတော့ ရာမညတိုင်းဟာ မွန်တို့ဌာနေပါ။
မွန်တို့ဌာနေကဆိုတော့ ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ မွန်လူမျိုးဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါဟာလည်း ငြင်းပယ်လို့မရအောင် ဗုဒ္ဓ၀င်၊ ရာဇ၀င် ဆိုတဲ့ သမိုင်းကြောင်းက သက်သေခံနေပါတယ်။ ရွှေတိဂုံရဲ့ အမည်နာမကို ဆန်းစစ်ဖို့အတွက် တည်ထားကိုးကွယ်ခဲ့တဲ့လူမျိုးကိုသိဖို့ လိုအပ်လို့ပါ။ ကဲ ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဗျာ။ လူမျိုးတစ်မျိုးက သူတို့တည်တဲ့ဘုရားရဲ့ အမည်နာမကို တစ်ခြားလူမျိုတွေရဲ့ ဘာသာစကားနဲ့ နာမည်ပေးတာ ထုံးစံမရှိပါဘူး။ ဒီလိုပါဘဲ ရာမညတိုင်းသား မွန်လူမျိုးတို့ တည်ထားတဲ့ ဘုရားဟာ မွန်အမည်နာမဘဲ ဖြစ်ရမှာပေါ့။ ဒါဖြင့် မွန်လူမျိုးတွေခေါ်ဝေါ်ခဲ့ကြတဲ့ ရွှေတိဂုံဘုရားရဲ့ မူရင်းအမည်နာက ဘာလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။ ကျွန်တော်တို့လူသားတွေဟာ အမည်နာမတစ်ခုကို ခေါ်ဝေါ်သုံးစွဲတော့မည်ဆိုလျင် အများအားဖြင့် လူပုဂ္ဂိုလ်၊ အရပ်ဒေသ၊အရေအတွက် နောက်ကြောင်းရာဇ၀င် စသည်တို့ကို အစွဲပြုပြီး ခေါ်ဝေါ်တတ်ကြပါတယ်။ အဲဒီလိုပါဘဲ ရွှေတိဂုံစေတီတော်ဟာ အရပ်ဒေသကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဘုရားတစ်ဆူဖြစ်ခဲ့ပါတယ်။ အရင်တုန်းက ယခုကျွန်တော်တို့သိနေတဲ့ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့က ဒဂုံတိုင်းဟု သမုတ်ခဲ့ကြပါတယ်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်တဲ့အတွက်ကြောင့် ဒဂုံတိုင်းကဘုရားလို့ ခေါ်ဝေါ်ပြောဆိုခဲ့ကြတယ်။
မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်မှာ ဒဂုံ ကို ရန်ကုန် ဆိုပြီး အမည်နာမ ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးသိပြီးသားပါ။ ရန်ကုန်ဒေသမှာရှိတဲ့ ကျိုက်လဂုံကိုလည်း အခြားသောတိုင်းရင်းသားတို့က ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာ ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံ ဟာ မြန်မာပြည်ရဲ့ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့ပါတယ်။ မွန်လူမျိုးတို့ အတွက် ဂုဏ်ယူစရာ ပေါ့လေ။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ မူပိုင်ကျိုက်ဆိုတဲ့စကားလုံးနေရာမှာ ရွှေနိုင်ငံ(Golden land) ကို ကိုယ်စားပြုတဲ့ ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြပါတယ်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီးတော့ ကျိုက်လဂုံ ဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ ရှေးခေတ်က ပုံတော်သာမက ယခုခေတ်ပုံတော်အပြင် ဗိသုကာလက်ရာတွေကိုပါ လေ့လာချင်တယ်ဆိုရင် ဟောဒီ မှာ ၀င်ရောက်ကြည့်ရှုပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။
မွန်လူမျိုးတွေကတော့ ယခုအချိန်အထိတော့ ရွှေတိဂုံ စေတီတော်ကို ကျိုက်လဂုံ ဟုခေါ်ဆိုနေကြပါတယ်။ ရန်ကုန်မြို့ကိုလည်း လဂုံမြို့ (တုံးလဂုံ) ဟု ခေါ်တွင်နေကြဆဲပါ။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊မွန်ဘုရင် ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော မွန်သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက မွန်ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
မွန်ကုန်သည် ညီနောင်တို့ ဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် လှူဒါန်းပူဇော်ပုံ
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
သာသနာအစရွှေတိဂုံက
ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ [2]
ရွှေတိဂုံ စေတီတော်၏ အံ့ဖွယ် (၉)ပါး
ပတ္တမြားမျက်ရှင် ဘုရား
ဝိဇ္ဇ္ဇာဇော်ဂျီ ဘုရား
ရှင်စောပု ဘုရား
ဆံတော်တွင်း ရုပ်ပွားတော်
ရှင်အဇ္ဇဂေါဏ ဘုရား
ဘိုးဘိုးအောင် ဂူဘုရား
ရှင်မထီးဘုရား
လက်ပက်လက်ဘုရား
ပြဒါးရှင် ဘုရား တို့ဖြစ်သည်။
  (master key)မှားတာရှိရင်ခွင်လွှတ်ကြပါနော်.....?

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်