အသည်း အတွက် သိရင်ဖြေကြည့် အဖြေညှိ


အသည်းကင်ဆာ ရောဂါလက္ခဏာကို သိပါသလား။

သိပါတယ်။ ညာဘက် ရင်ဘတ်အောက်ပိုင်း အောင့်တယ်။ တင်းတယ်၊ ညာဘက် ဝမ်းဗိုက်အပေါ်ပိုင်းမှာ အလုံးအကျိတ် ပေါ်တယ်။ ဗိုက်နာတယ်။ ပိန်သွားတယ်၊ မစားချင် မသောက်ချင် ဖြစ်တယ်။

အဖြစ်များတဲ့ ကင်ဆာထဲမှာပါသလား။

အဖြစ်များတဲ့ ကင်ဆာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ကင်ဆာတွေထဲမှာ ပဉ္စမ လိုက်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတယ်၊ အမျိုးသား ကင်ဆာအားလုံးရဲ့ ၇ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီး ကင်ဆာအားလုံးရဲ့ ၃ ရာခိုင်နှုန်း ရှိတယ်။

အသည်းခြောက်တာနဲ့ ဆက်စပ်မှု ရှိသလား။

အသည်းခြောက်ရင် ကင်ဆာ ဖြစ်နိုင်တယ်။ ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ ဖြစ်နိုင်ခြေ များတယ်။ အသည်းကင်ဆာဟာ အသည်းခြောက်သူတွေရဲ့၆၀ ရာခိုင်နှုန်းမှာ တွေ့တယ်။ အသည်းခြောက်မှုမရှိတဲ့ လူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာပဲ တွေ့တယ်။ ဆေးပညာအရ Pre-malignant stage လို့ ခေါ်တယ်။

အသည်းရောင် B ပိုးနဲ့ အဆက်အစပ်ရှိသလား။

အသည်းရောင် B ပိုးရှိတဲ့လူတွေမှာ အသည်းရောင် B ပိုးမရှိတဲ့ လူတွေထက် ငါးဆကနေ ၁၅ ဆ ပိုဖြစ်နိုင်တယ်။ တရုတ် (တိုင်ပေ) က အမျိုးသားတွေမှာ လေ့လာချက်အရ အသည်းရောင် B ပိုးရှိခဲ့ရင် အဆတစ်ရာတောင်မှ ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောတယ်။ အသည်းရောင် B ပိုးများတဲ့နေရာမှာ အသည်းကင်ဆာဖြစ်တာ များတယ်။

အသည်းရောင် C ပိုးရှိတဲ့လူတွေမှာ အသည်းကင်ဆာ များသလား။

အသည်းရောင် C ပိုးကလည်း အသည်းခြောက် ဖြစ်စေတယ်။ အသည်းရောင် C ပိုးရှိတဲ့ လူတွေမှာ အသည်းကင်ဆာ အဖြစ်များတယ်။

အရက်စွဲတဲ့လူတွေမှာကော အသည်းကင်ဆာ ဖြစ်သလား။

အရက်စွဲတဲ့လူတွေမှာ အသည်းကင်ဆာဖြစ်တာ များတယ်။ အသက်ကြီးလေ ဖြစ်လေပဲ။

ငရုတ်သီးခြောက်မှိုကကော အသည်းကင်ဆာ ဖြစ်နိုင်သလား။

Aflatoxin လို့ခေါ်တယ်။ မြေပဲ၊ ငရုတ်သီးခြောက်၊ နှမ်းဖတ်ချဉ်မှာ စွဲတဲ့မှိုတွေက လာတယ်လို့ ပြောတယ်။

အသည်းရောင်တာဖြစ်ပေမယ့် ရောဂါလက္ခဏာမပြဘဲ ဖြစ်နိုင်သလား။

ကင်ဆာအလုံးသေးတဲ့အခါမှာ ရောဂါလက္ခဏာက မပြဘူး။ အကြောင်းအမျိုးမျိုးကြောင့် အာထရာဆောင်း ရိုက်ကြည့်တဲ့အခါ၊ CT Scan ရိုက်ကြည့်တဲ့အခါမှာ တွေ့တယ်။ တချို့က တခြားအကြောင်းကြောင့် အသည်းကို ဖြတ်ထုတ်လိုက်တဲ့အခါ အသည်းကင်ဆာ ရှိနေတာ တွေ့ရတယ်။ အသည်းရောင် B ပိုး၊ C ပိုးရှိတဲ့လူတွေမှာ အာထရာဆောင်း မကြာခဏရိုက်တော့ စောစောတွေ့တယ်။ ရောဂါလက္ခဏာ မပြသေးခင် စောစောတွေ့တယ်။

စောစောတွေ့တာ ကောင်းသလား။

စောစောတွေ့တာ ကောင်းတာပေါ့။ အသည်းကင်ဆာရှိတဲ့ အပိုင်းကို ဖြတ်ထုတ်လို့ ရတယ်။ ဓာတ်ရောင်ခြည်လှိုင်းနဲ့ ဖြတ်ပစ်လို့ ရတယ်။ အသည်း အစားထိုးလို့ ရတယ်။

အသည်းခြောက်တဲ့လူက အသည်းကင်ဆာ ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ် သိနိုင်မှာလဲ။

အသည်းခြောက်ရောဂါ ရုတ်တရက် ပိုဆိုးလာတယ်။ မျက်လုံးတွေ ဝါတယ်။ ရေဖျဉ်း ပိုများလာတယ်။ ဗိုက်လည်း နာတယ်။ ပိန်လည်း ပိန်တယ်။ အသည်းခြောက်ရင် အသည်းက ကျုံ့သွားတယ်။ အသည်းကင်ဆာ ပေါ်လာရင် အသည်းက ကြီးလာတယ်။ ရေဖျဉ်းကို ဖောက်ကြည့်ရင် ရေဖျဉ်းရေကြည် မဟုတ်ဘဲ သွေးနီနီ ရေဖျဉ်း ဖြစ်နေတတ်တယ်။ ရေဖျဉ်းထဲမှာ ဓာတ်ခွဲကြည့်ရင် ကင်ဆာဆဲလ်တွေ တွေ့နိုင်တယ်။

Alpha-feto protein ခေါ်တဲ့ သွေးစစ်ချက်ကကော ပြောင်းလဲသလား။

အသည်းခြောက်တဲ့လူမှာ အသည်းကင်ဆာဖြစ်လာရင် သွေးထဲမှာ alpha-feto protein တွေ များနေတယ်။ အာထရာဆောင်းမှာလည်း အလုံးပေါ်တယ်။ ဆရာဝန်စမ်းရင် အသည်းကြီးတာ တွေ့ရမယ်။ ဖုထစ်နေတဲ့ အလုံးတွေ့နိုင်တယ်။ အလုံးပေါ်မှာ နားကြပ်နဲ့ နားထောင်ရင် သွေးတိုးသံ "bruit" ကြားရတယ်။

အစာအိမ် သွေးကြော ပေါက်တတ်သလား။

အသည်းခြောက်တဲ့အတွက် အစာရေမျိုပြွန်နဲ့ အစာအိမ်မှာ သွေးကြောထုံးတွေ ရှိတတ်တယ်။ အသည်းကင်ဆာ အလုံးက ပေါ်တယ်။ သွေးပြန်ကြောခေါ်တဲ့ အစာအိမ် အူလမ်းကြောင်းကလာတဲ့ သွေးကြောထဲကိုဝင်ပြီး ပိတ်နေရင် သွေးကြောထုံးတွေ အစာအိမ် အူလမ်းကြောင်းမှာ ရှိတတ်တယ်။ ဒါတွေက ပေါက်ရင် သွေးယိုနိုင်တယ်။ အစာအိမ်နာကလည်း ရှိတတ်သေးတယ်။

အသည်းကင်ဆာလို့ ခန့်မှန်းနိုင်တဲ့ အချက် (၃) ချက်ရှိတယ်။ အဲဒါဘာလဲ။

ညာဘက် ရင်ဘတ်အောက်ပိုင်း အောင့်တာ၊ ပိန်တာ၊ အသည်းကြီးနေတာ ဒီသုံးချက်ရှိရင် အသည်းကင်ဆာ ဖြစ်နိုင်ချေ များတယ်။ နာတာက တသတ်မှတ်တည်း အောင့်နေတာ တစ်ခါတစ်လေ ညာဘက်ပခုံးမှာ နာတယ်။

တစ်ခါတလေ အသည်းကင်ဆာရှိတဲ့ သူတွေမှာ ရုတ်တရက် ဗိုက်နာလာတာ၊ အောင့်လာတာ ဘာကြောင့်လဲ။

အသည်းကင်ဆာက ပေါက်ပြီး ဝမ်းခေါင်းထဲကို သွေးယိုလို့ ဖြစ်တာ၊ တစ်ခါတလေ နည်းနည်းပါးပါး ထိခိုက်မိရုံနဲ့ နာတယ်။ တစ်ခါတလေ အလိုလို သွေးယိုတတ်တယ်။

တစ်ခါတလေ ချွေးပြန်တာ ဘာကြောင့်လဲ။

အသည်းကင်ဆာမှာ သွေးထဲက အချိုဓာတ် ရုတ်တရက် ဗြုန်းစားကြီး ကျနိုင်တယ်။ Hypoglycaemia (ဟိုက်ပိုဂလိုက်စီးမီးယား) လို့ခေါ်တယ်။ အသည်းကင်ဆာဆဲလ်တွေက အင်ဆူလင်လို ဟော်မုန်းမျိုး ထုတ်နေလို့ ဖြစ်တာ။

တစ်ခါတလေ သွေးအားမနည်းဘဲ သွေးနီဥတွေများနေတယ်လို့ ပြောတယ်။ သိပါသလား။

ဟုတ်တယ်။ Polycythemia လို့ခေါ်တယ်။ အသည်းကင်ဆာက Erythropoietin ဆိုတဲ့ ဟော်မုန်းထုတ်လို့ ဖြစ်တာ၊ သူက သွေးအား များစေတယ်။ Calcium ဓာတ်လည်း သွေးထဲမှာ များတတ်တယ်။ တစ်ခါတလေ နည်းနည်းများတယ်။
ဆရာဖြစ်သော ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု)

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်