အောင်သန်း၏အောင်ဆန်းအပိုင်း(၄)

(၄)တက္ကသိုလ်သမဂ္ဂ၌

၁၉၃၄-ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေး ကို စတင်ဆောင်ရွက်ပါသည်။ ထိုနှစ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)အမှုဆောင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ အောင်ဆန်းအရွေးမခံရပါ လူသိနည်းသေး သည့်ပြင် ကျောင်းသားအများက သူ့ကို ‘ဂွစာ’ဟုသာ အသိအမှတ်ပြုထားကြပါသေးသည်။
အရွေးမခံရသော်လည်း အောင်ဆန်းသည် စိတ်ပျက်မသွားပါ။ အောင်ဆန်းသည် သဘောထား ကြီးသူပေတည်း။ မည်မျှသဘောထားသည်ကို မြူနီစီပယ်မင်းကြီးဟောင်း ဦးထွန်းအုန်း၏ ၁၉၆၁-ခုနှစ် ကမ္ဘာ့ကလေးများနေ့ ၁၃-၂-၆၁ သ၀ဏ်လွှာကိုဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။
ဦးထွန်းအုန်းက ကလေးများထံပို့သည့် ‘ဦးလေးထွန်းအုန်း၏စကားလက်ဆောင်’ဟူသော သ၀ဏ်လွှာ၌ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။
“ပထမဦးဆုံး ဦးလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာကတော့ ၁၉၃၄-ခုနှစ်ကဘဲ။ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသာများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲလုပ်တယ် ဒီအခါမှာ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့အဖွဲ့တစ်ခုဖွဲစည်းပြီး ရွေးကောက်ပွဲဝင်ကြတယ် ‘ကိုအောင်ဆန်းကိုမဲထည့်ပါ ကျုပ်တို့တာဝန်ယူပါတယ်’တဲ့၊ ဦးလေးကပြန်ပြောလိုက်တယ် ‘ဒါလောက်ရှုသိုးနေတဲ့ လူကိုမဲထည့်လိုက်လို့ ဘယ်ဖြစ်မလဲ မထည့်နိုင်ဘူးဗျာ’လို့ ဦးလေးပြန်ပြောလိုက်တယ်၊ ဒီအခါမှာ သူတို့က ခင်ဗျားတော်တော် ခေါင်းမာတဲ့လူဘဲလို့ မှတ်ချက်ချပြီး လက်လျှော့သွားကြတယ် မဲရေတွက်ပြီးတဲ့ညနေကို ကိုအောင်ဆန်းဟာ ဦးလေးရဲ့အခန်းကိုရောက်လာတယ်။ ခပ်လှမ်းလှမ်းကတဲက သူကရယ်မောပြီး လှမ်းပြောလိုက် တယ် ‘ကိုထွန်းအုန်း ကျွန်တော်အရွေးမခံရဘူးဗျာ့ ဟဲ ဟဲ ဟဲ’ တဲ့။ အနားရောက်လာတော့ ဦးလေးကကုလားထိုင်ထိုးပေးပြီး ‘ခင်ဗျားစိတ်ဆိုချင်ဆိုး ခင်းဗျားကို ကျွန်တော်မဲမထည့်ခဲ့ဘူး’ လို့ ပြောလိုက်တော့ သူကအားရပါးရရယ်မောပြီး ‘ဒါမျိုးမှကျွန်တော်ကြိုက်တာ။ မဲတန်ဘိုးဆိုတာ အဲ့ဒီလိုထားရတယ်ဗျ။ အရွေးမခံရတာ ခံရတာက အရေးမကြီးပါဘူး အပြင်လူအနေနဲ့လည်း ကျောင်းသားကိစ္စတွေ တပြုံတခေါင်းကြီးလုပ်နိုင်ပါတယ် တိုင်တိုင်ပင်ပင်နဲ့ ဆက်ဆောင်ရွက် ကြတာပေါ့ဗျာ။’ စသည်ဖြင့် သုံးနာရီလောက် စကားလက်ဆုံကျပြီး သူငယ်ချင်းလုပ်ဖော်ဆောင် ဘက်အဖြစ် ရင်းနှီးသွားကြတယ်။”
“၁၉၄၅-၃၆ခုနှစ်ကျတော့လဲအမှုဆောင်များအဖြစ် တင်မြောက်ခံကြရတဲ့အခါ၊ ကျောင်းသား ကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူးအနေနဲ့ အလုပ်သိပ်လုပ်ပြချင်တယ် ဒါပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက သူ့ရဲ့ဆက်ဆံမှုကို အားမရသေးတဲ့အတွက်သူ့ရဲစွမ်းရည်ကို ကလောင် ဖြင့်ပြစေဖို့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာတာဝန်အဖြစ် တာဝန်ယူစေတယ် လုပ်ပြချင်တာမလုပ်ရလို့ သူစိတ်ကောက်သွားသလား၊ မကောက်ပါဘူး၊ ထားတဲ့နေရာက သူ့စွမ်းရည်ကိုပြပြီး ကျောင်းသား ကိစ္စအ၀၀ကို ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အားဖြင့်သာဆိုရင် ငါတော်ရဲ့သားနဲ့ ငါ့ကိုနေရာမပေးရ ကောင်းမလားဆိုပြီး စိတ်လိုက်မာန်ပါဂွလုပ်မှာဘဲ။
ဒါတင်လား မဟုတ်သေးပါဘူး၊ လူလေးတို့သေသေချာချာ နားထောင်မှတ်ထားနော် ဦးလေးတို့ ၁၉၃၆-ခုနှစ် သပိတ်မှောက်ပြီးတဲ့နောက်ပိုင်းမှာတောင် သူ့ကိုတက္ကသိုလ်ကျောင်းသားများက သမဂ္ဂဥက္ကဋ္ဌနေရာကို မပေးသေးဘဲ ပြင်ပကျောင်းသားကြီးတစ်ယောက်ကို ဥက္ကဋ္ဌ၊ သူ့ကို ဒုတိယဥက္ကဋ္ဌနေရာမှာထားပြီး ဆောင်ရွက်စေကြတယ်။ ဒီလိုလုပ်လည်း သူဟာဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကိုထိုးဖေါက်မယ်ဟေ့ ဆိုတဲ့စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖေါ်လုပ်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမန် လုပ်ပြပြန်ပါတယ်။”
“ဒီလိုမြင့်မြတ်တဲ့စိတ်ထားတွေကြောင့် မြန်မာအမျိုးသားခေါင်းဆောင်တင်မက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကြီးဖြစ်ခဲ့ပါတယ်။ လူသေပေမဲ့ သူ့အမည်ဟာမသေဘဲ ရာဇ၀င်မှာ အမြဲမှတ်တမ်းတင်ထားတော့မယ်ဆိုတာ ကလေးတို့သိကြတယ်”
ဦးထွန်းအုန်းသည် ကျောင်းသားဘ၀မှစ၍ နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်ရေးတို၌ အောင်ဆန်းနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ အောင်ဆန်း၏ စိတ်နေသဘောထား ကို ခရေစေ့တွင်းကျသိသူဖြစ်ပါသည်။
၁၉၃၅-၃၆ခု တ-က-သ အမှုဆောင်ရွေးကောက်ပွဲတွင် အောင်ဆန်းအရွေးခံရပါသည်။ တကသ၏ အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ရပါသည်။ ထိုနှစ် တ-က-သ သည် အတက်ကြွဆုံး အပြင်းထန်ဆုံးဖြစ်ပါသည်။ တက်ကြပြင်းထန်သည်နှင့် အမျှ မျက်နှာဖြူများ ကြီးစိုးနေသော တက္ကသိုလ်အာဏာပိုင်များ၏ ဖိနှိပ်မှုကိုလည်း ခံရပါသည်။
တက္ကသိုလ်ကျောင်းအုပ် မစ္စတာဆလော့စ် (D.J Sioss)သည် သာမန်ကျောင်းအုပ်မျှသာ မကဘဲ၊ အစိုးရပိုင်းတွင် အလွန်ဝင်ဆန့်သူဖြစ်ပါသည်။ အုပ်ချုပ်ရေးသမားတပိုင်းလည်းဖြစ်သည် ဟု ဆိုနိုင်ပါသည်။ မြန်မာကျောင်းသားကလေးများ ဗြိသိသျှအစိုးရကို အထင်ကြီး၍ ကြောက်ရွံရိုသေလာအောင် ပုံသွင်းပေးလိုသူဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာလူမျိုးတို့အား ကျွန်စိတ်သွင်းပေးလိုသူဖြစ်ပါသည်။ မိမိကြိုးဆွဲတိုင်း ကသည့်ကျောင်းသား များအား အခွင့်ရေးပေးသလောက် မျိုးချစ်စိတ်ရှိသည့် ကျောင်းသားများကို ဖိနှိပ်သူဖြစ်ပါသည်။ မတရားအခွင့်ရေးယူလိုသော (၀ါ)ကျွန်စိတ်ရှိသော ကျောင်းသားများသည် ကျောင်းအုပ်ကြီးထံ၌ မျက်နှာလိုမျက်နှာရ လုပ်တတ်ကြပါသည်။ ထိုကျောင်းသားများ အိုင်စီအက်စ်၊ ဘီစီအက်စ်၊ စသည့်ရာထူးကြီးများရအောင် ကျောင်းအုပ်ကြီးကလည်း ကူညီပေးတတ်ပါသည်။
အခြားကျောင်းဆရာများသည်လည်း ကျောင်းအုပ်ကြီးကိုအတုယူကာ အလွန်ဗြူရိုကရက် ဆံကြသည်။ ကျောင်းသားများနှင့်ဆက်ဆံရာတွင် ဆရာတပည့်သဘောမျိုးမထားဘဲ ကျွန်သခင်သဘောမျိုးဖြင့် ဆက်ဆံကြပါသည်။ ကျောင်းသားတစ်ယောက်သည် ကျောင်းတက်ချိန် စာရင်းခေါ်ရာ၌ (ဆာ)ထည့်၍မခေါ်မိသဖြင့် ကျောင်းထုတ်ခံရပါသည်။ မျက်နှာဖြူပါမောက္ခ တစ်ဦးကမူ “မင်းတို့ကကျွန်လူမျိုးငါကသခင်လူမျိုး ငါ့ပြန်မပြောနှင့်”ဟုပင် မောက်မာစွာပြောဆို ဘူးပါသည်။
ဤအတောအတွင်း တ-က-သ အစည်းဝေးတစ်ခု၌ဥက္ကဋ္ဌကိုနု(၀န်ကြီးချုပ်ဟောင်းဦးနု)က “သမဂ္ဂအပေါ်တွင်လည်းကောင်း မျိုးချစ်စိတ်ရှိသောကျောင်းသားများ အပေါ်တွင်လည်းကောင်း အစိုးရကနှိမ်လိမ့်မည်”ဟု ဟောမိသဖြင့် တက္ကသိုလ်အာဏာပိုင်များက ကိုနုကိုကျောင်းမှထုတ်ပြစ် လိုက်ကြပါသည်။ ထိုအခါကျောင်းသားများ၏မကျေနပ်မှုသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပါသည်။ ထိုအချိန်တွင် တ-က-သ၏အာဘော်ဖြစ်သော ‘အိုးဝေမဂ္ဂဇင်း’တွင် (A hell hound at large လွတ်နေသောငရဲခွေးကြီးတစ်ကောင်) ဟူသော ဆောင်းပါးတစ်ခုပါလာပါသည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်အရာရှိတစ်ယောက်အကြောင်းကို စောင်းပါးရိပ်ခြည် ဖေါ်ပြထားပါသည်။
အာဏာမာန်ယစ်နေသော တက္ကသိုလ်ကျောင်းအုပ်ကြီးသည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သော အောင်ဆန်းကိုခေါ်၍ ဆောင်းပါးရှင်ကို ထုတ်ဖေါ်ပြောဆိုရန် တောင်းဆိုပါသည်။ ဆောင်းပါးရှင်နာမည်ကို ထုတ်ဖေါ်ပြောဆိုလျှင် အောင်ဆန်းကို မည်သို့မျှ အရေးမယူဟုလည်း ပြောလိုက်ပါသေးသည်။ အမှန်မှာ ကျောင်းအုပ်ကြီးသည် ဆောင်းပါးရှင်မည်သူမည်ဝါဖြစ်သည်ကို ရိပ်မိသော်လည်း တာဝန်ခံအယ်ဒီတာ၏ အတည်ပြူချက်ကို ရယူလိုသဖြင့် အောင်ဆန်းကို ခေါ်၍မေးခြင်းဖြစ်ပါသည်။
ချော့၍လည်းမပျော့ ချောက်၍လည်းမကြောက်တတ်သော အောင်ဆန်းသည် “အယ်ဒီတာတို့မည်သည် ဆောင်းပါးရှင်များ၏ အမည်ကို ထုတ်ဖေါ်ပြောဆိုရိုးထုံးစံမရှိ။ ခင်ဗျားတို့လုပ်ချင်သလိုလုပ်ကြ၊ ထုတ်ဖေါ်မပြောနိုင်”ဟု ပြန်ပြော၍ ကျောင်းအုပ်ကြီးအခန်းမှ ထွက်ခဲ့ပါသည်။ ထို့ကြောင့် တက္ကသိုလ်အာဏာပိုင်များသည် အောင်ဆန်းကိုကျောင်းမှထုတ်ရန် စီစဉ်ကြပါသည်။
ထိုအချိန်တွင် ကျွန်တော်သည် ဘီအေအောင်သဖြင့် ကျောင်းမှထွက်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် တစ်ခုတည်းသော ၀ံသာနုသတင်းစာဖြစ်သည့် ‘နယူဘာမား’(The New Burma) တွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်နေပါသည်။
၁၉၃၆-ခု ဖေဖေါ်ဝါရီလ ၂၅-ရက်နေ့ထုတ် သတင်းစာများတွင် ‘ကိုအောင်ဆန်းကိုလည်း ကျောင်းထုတ်လိမ့်မည်’ဟူသောသတင်းကို ဖတ်ရပြီးနောက် ကျွန်တော်သည် တ-က-သသို့ သွားပါသည်။ ကျွန်တော်ရောက်သွားချိန်တွင် ကျောင်းသာထုအစည်းဝေးကျင်းပရန် စီစဉ်နေကြပါသည်။ မကျေနပ်မှု နစ်နာမှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသော ကျောင်းသားများသည် “သပိတ်မှောက်မယ်ကွ”ဟု ကြွေးကြော်ကြကာ တ-က-သခန်းမသို့ တဖွဲဖွဲ ရောက်ရှိလာကြပါသည်။ ဥက္ကဋ္ဌကိုနုနှင့်အချို့တ-က-သခေါင်းဆောင်များသည် ကျောင်းသားထုတစ်ရပ်လုံး သပိတ်မှောက် ခြင်းကိုမလိုလား၊ မိမိတို့အမှုဆောင်များသာ စာမေးပွဲကို သပိတ်မှောက်မည်ဟုဆုံးဖြတ်ထား ကြပါသည်။ သို့သော်လည်း နိုးကြားတက်ကြွနေသော ကျောင်းသားထု၏ တော်လှန်ရေးစိတ်ဓာတ်ကို မည်သူတားနိုင်အံ့နည်း။
အစည်းအဝေးတွင် အခြားပုဂ္ဂိုလ် တစ်ယောက်နှစ်ယောက်လောက် စကားပြောပြီးသောအခါ အောင်ဆန်းထပါသည် ပရိသတ်၏သြဘာသံကား နားကွဲလုမတတ် မြည်ဟည်းသွားပါသည်။ မြန်မာဘာသာဖြင့်ပြောရန် စလိုက်ရာ ကုလားကျောင်းသားတစ်ယောက်က “အင်္ဂလိပ်လိုပြောပါ ကျွန်တော်တို့ မြန်မာစကား ကောင်းကောင်းနားမလည်ဘူး”ဟု ပြောသဖြင့် အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် ပြောရပါတော့သည်။
ထိုနေ့က အောင်ဆန်း၏ပြောဆိုပုံသည် အထက်တွင်ဖေါ်ပြခဲ့သော စကားရည်လုပွဲ၌ ပြောဆိုပုံနှင့် ဆီနှင့်ရေကွာဘိသကဲ့သို့ ကွာခြားနေပါသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည် နိုင်နိုင်နင်းနင်း ပြောဆိုနိုင်ရုံမက အချက်အလက်များသည်လည်း ထိလှမိလှရကား ကြားရသူများအဖို့ ကြက်သီးမွှေးညှင်းထစရာပင်။
လေးနှစ်(၁၉၃၂ခုမှ ၁၉၃၆)အတွင်း အောင်ဆန်း၏တိုးတက်မှုသည် ချီးကျူးလောက်ပေသည်။ အောင်ဆန်းတိုးတက်လာသည်မှာ အခြားကြောင့်မဟုတ် အောင်ဆန်းသည် ကျောင်းပိတ်ရက်များ အတွင်း အလကားမနေဘဲ အက်ခ်မန်းဘာ့ခ်(Edmund Burke)ဒစ်စ်ရေလီ(Disraeli)စသော အင်္ဂလိပ်ပါလီမန် ရာဇ၀င်တွင် ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ မိန်ခွန်းများကို အလွတ်လောက်နီးနီးရအောင် ဖတ်ထားသောကြောင့်ဖြစ်ပေသည်။
ကျောင်းသာလေးငါးယောက်လောက် စကားပြောပြီးသောအခါ အားလုံးတညီတညွတ်တည်း တက္ကသိုလ်ကိုသပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ အချို့ကျောင်းသားများသည် စိတ်မရှည်နိုင်တော့ဘဲ “ဘာလေရှည်နေတာလဲ မြန်မြန်ဆင်းကြ”ဟု ဟစ်အောင်၍ အသင့်စောင့်နေသော ဘတ်စ်ကားများပေါ်သို့ ပြေးတက်ကြပါသည်။ ထို့နောက်တက္ကသိုလ်နယ်မြေကို လှည့်ပတ်ကာ ကြွေးကြော်သံများကြွေးကြော်ပြီးနောက် သပိတ်စခန်းပြုလုပ်မည့် ရွှေတိဂုံဘုရားသို့ ချီတက်ကြပါသည်။ ကျောင်းသူအချို့လည်း လိုက်ပါလာကြပါသည်။ ကျောင်းအုပ်ကြီ၏ ‘အချော်များ’ ကားသပိတ်မှောက်မည့်သူများကို လှောင်ပြောင်၍နေရစ်ခဲ့ကြပါသည်။ အချို့မပြတ်သားသော ကျောင်းသားများသည်လည်း ရွှေတိဂုံဘုရားရောက်ပြီးမှ ကျောင်းသို့ပြန်သွားကြပါသည်။ သို့သော်လည်း ၄င်းတို့ဦးရေမှာ မများလှပေ။
သပိတ်အင်အားသည် အားရဖွယ်ကောင်းပါသည်။ ကျောင်းသားများ၏ မျိုးချစ်စိတ်နှင့် ရဲဘော်စိတ်တို့သည် ချီးကျူးလောက်ပေသည်။ မျိုးချစ်ပုဂ္ဂိုလ်များနှင့် အမျိုးသားသတင်းစာများက လည်း သပိတ်သမားများကို အားပေးကူညီကြပါသည်။ နာမည်ကျော်ကာတွန်းဆရာကြီး ရွှေတလေးခေါ် ဦးဘကလေးက သတင်းစာတစ်စောင်တွင် ကာတွန်းရေးဆွဲပြီး
“မာစတာ ဆလော့တဲ့ဆရာ
အာဏာပါဏာပြခဲ့တာ
သပိတ်ကိုညီညီညာညာ
မှောက်လိုက်ကြစိုဒီတစ်ခါ။”
စသည်ဖြင့်ဖေါ်ပြလိုက်ပါသည်။
အတက်ကြွဆုံး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များတွင် အောင်ဆန်းပါဝင်ခဲ့သည်ကို
အထူးဖေါ်ပြရန်လိုမည်မထင်ပါ။ ထိုသို့ပါဝင်ခဲ့သည့်အတွက် အောင်ဆန်းသည်ထိုနှစ်စာမေးပွဲ(ဘီ-အေ
အထက်တန်းစာမေးပွဲ)ကို မဖြေနိုင်ဘဲ နောက်နှစ်၁၉၃၇ မှာမှဖြေဆိုရပါသည်။ တနည်းအားဖြင့်ဆိုလျှင်
အောင်ဆန်းအဖို့ တစ်နှစ်ပုတ်သွားပါသည်။ အချို့သပိတ်ခေါင်းဆောင်များသည်ကျောင်းသားလုထုရှေ့
တွင် လက်သီးလက်မောင်းတန်း၍ အာဘောင်အာရင်းသန်သန်ဖြင့် ဟောပြောကြသော်လည်း
ကွယ်ရာတွင် စာခိုးကျက်ကြသည်ဟု သိရပါသည်။ အောင်ဆန်းသည်ကား မည်သည့်အခါမှ
လုပ်ငန်းအပေါ်တွင်လည်းကောင်း ရဲဘော်ရဲဘက်များအပေါ်တွင်လည်းကောင်း သစ္စာမဖေါက်ချေ။
တက္ကသိုလ်သပိတ်သည် ဟိုက်စကူးကျောင်းများသို့လည်း ကူးစက်သွားလေသည်။
သပိတ်၏ကျေးဇူးကြောင့် တက္ကသိုလ်အာဏာပိုင်များသည် ထုတ်ထားသောကျောင်းသားများကို ပြန်၍
လက်ခံရသည့်ပြင် အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ကျောင်းသားကိုစားလှယ်များကိုလက်ခံရပါ
တော့သည်။အင်္ဂလိပ်လူမျိုးကျောင်းအုပ် မစ္စတာဆလော့စ်နုတ်ထွက်သွားရ၍ မြန်မာအမျိုးသား
ဆရာကြီးဦးဖေမောင်တင် ကျောင်းအုပ်ဖြစ်လာပါသည်။ မြန်မာအမျိုးသားများအနေဖြင့် ပထမဆုံး
အကြိမ် တက္ကသိုလ်ကျောင်းအုပ်ဖြစ်ခြင်းပေတည်း။ ထို့ပြင် ဗြိသိသျှအစိုးရသည် ကျောင်းသားကိစ္စကို
လစ်လျူရှုမထားရဲဘဲ တရားဝန်ကြီးဆာဦးမြဘူးခေါင်းဆောင်သော စုံးစမ်းရေးကော်မရှင်တစ်ခုဖွဲ့၍
တက္ကသိုလ်အက်ဥပဒေပြင်ဆင်ရန် စီစဉ်ရပါတော့သည်။ ထိုကော်မရှင်တွင် ကျောင်းသားကိုယ်စား
လှယ်အဖြစ် အောင်ဆန်းဝင်ရောက်ဆောင်ရွက်ရပါသည်။
အခြားအရေးကြီးသောရလဒ်တစ်ခုမှာ ကောလိပ်ကျောင်းသားများနှင့် ဟိုက်စကူးကျောင်းသား များ စည်းလုံးညီညွတ်လာ၍ ‘မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ’ဟု ပေါ်လာခြင်းဖြစ်ပါ သည်။ အထက်ကျော်ကာရီကမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားအဖွဲ့အစည်းဟူ၍ မရှိခဲ့ဘူးပေ။
အောင်ဆန်းသည်ထိုနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ၊ နောက်နှစ်တွင် ဥက္က
အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါသည်။
၁၉၃၆-ခုနှစ် ကျောင်းပြန်ဖွင့်သောအခါ အောင်ဆန်းသည် တ-က-သ၏ဒုတိယဥက္ကဋ္ဌဖြစ်လာ
ပါသည်။ ဥက္ကဋ္ဌမှာ ၀န်ကြီးဟောင်း အမ်အေရာရှစ်ဖြစ်ပါသည်။ရာရှစ်သည် ကုလားလူမျိုးဖြစ်သဖြင့်
ကျဉ်းမြောင်းသောအမျိုးသားရေးစိတ်ဓာတ်ရှိသည့် ကျောင်းသားများက ရာရှစ်ကိုဥက္ကဋ္ဌမတင်လိုကြပါ။
အမြင်ကျယ်သောအောင်ဆန်းကား ဘာသာမရွေး၊ လူမျိုးမရွေး ထိုက်သင့်သည်ကို နေရာပေးမည်ဆို
သည့်မူကို အမြဲစွဲကိုင်ထားသည့်အတိုင်း ရာရှစ်ကိုဥက္ကဋ္ဌတင်လိုသူဖြစ်ပါသည်။ အောင်ဆန်းသည်
ကုလားထိုင်လုလိုသည်မဟုတ်ပါ။ လုပ်ငန်းအောင်မြင်မှုတစ်ခုတည်းကိုသာ ရှေ့ရှုသူဖြစ်ပါသည်။
ကျဆုံးသည့်နေ့အထိ အောင်ဆန်းတွင် ထိုစိတ်ဓာတ်အပြည့်အ၀ရှိပါသည်။ ထိုစိတ်ဓာတ် (၀ါ)သဘော
ထားကြီးမှုကြောင့်ပင် သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်းဖြစ်ပေသည်။
ကျောင်းသားခေါင်းဆောင်ဘ၀ကပင် အောင်ဆန်းသည် တိုင်းပြည်လွတ်လပ်ရေးအတွက်ပြင်ဆင်
နေသူ ဖြစ်ပါသည်။ ပြင်ဆင်ရာ၌ အဖက်ဖက်မှ ပြင်ဆင်ခြင်းဖြစ်ပါသည်။ ခေါင်းဆောင်မှုပေးနိုင်အောင်
ပညာအရည်ချင်းနှင့်ပြည့်စုံစေရန် ပြင်ဆင်ရုံမက လွတ်လပ်ရေးတိုက်ပွဲတစ်လျှာက်တွင် တွေ့ကြုံခံစား
ရမည့်ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နိုင်ရန်လည်းပြင်ဆင်သည်။
ကျောင်းသားခေါင်းဆောင်အနေဖြင့်တ-က-သတွင်အိပ်၊တ-က-သတွင်စားသည်ကများပါ သည်။အိပ်သောအခါ မွေ့ယာကုတင်ပေါ်မှာမအိပ်။တန်းလျားခုံပေါ်မှာ ခြုံစရာခင်းစရာမပါဘဲ
အိပ်လေ့ရှိသည်။ တ-က-သ၏ဖွားဘက်တော်အစောင့် ဦးကံသိန်းက မကြည့်ရက်သဖြင့် အိပ်ရာခင်း
ပေးသောအခါ “ကျုပ်ကနိုင်ငံရေးလုပ်မဲ့လူ ထောင်ထဲကထွက်ရမှာမဟုတ်ဘူး ဒါကြောင့် ခုကတဲကျင့် နေတာ”ဟု ပြော၍ လက်မခံပေ။ ကျောင်းပိတ်ရက်များအတွင်း တောလက်ကျေးရွာများသို့
သွားရောက်လေ့လာ၍ ပြန်ရောက်လျှင် သွေးချင်းသားချင်းများဖြစ်ကြသော တောင်သူလယ် သမားများ မည်မျှဆင်းရဲကြပုံကို ပြောပြလေ့ရှိသည်ဟု ဦးကံသိန်းက ကျွန်တော့်အားပြောပြ ဘူးပါသည်။
နိုင်ငံရေးအစစ်အမှန်ဟူသည် စည်းစိမ်ရှိသည့်အလုပ်မဟုတ် ဒုက္ခအပြည့်ပြည့်နက်နေသည်ကို အောင်ဆန်းကောင်းစွာသိသည်။ သိသည့်အတိုင်း ထိုဒုက္ခများကို ရင်ဆိုင်နိုင်ရန် ကျောင်းသားဘ၀က ပင် ပြင်ဆင်ခဲ့သည်။ အောင်ဆန်းသည် မျက်စိကန်းတစ္ဆေမကြောက် မိုက်ရူးရဲလုပ်တတ်သူမဟုတ်ပေ။
အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င် နိုင်ငံရေးဗေဒတို့ကို သင်ယူခဲ့သော အောင်ဆန်းသည် ၁၉၃၇-ခုမတ်လတွင် ဘီအေစာမေးပွဲအောင်မြင်ပါသည်။ ဘီအေအောင်သည့်အထိ စာမေးပွဲ တစ်ခါမှ မကျဘူးပေ။ သို့သော်လည်း နောက်နှစ်တွင်ကား ကျောင်းသားကိစ္စ နိုင်ငံရေးကိစ္စတို့ကို အချိန်ပြည့် ဆောင်ရွက် နေရသည်ဖြစ်ရာ စာကျက်ချိန်မရသဖြင့် ဘီအယ်လ်(ဥပဒေပညာ) ပထမနှစ် စာမေးပွဲတွင် ရှုံးပါသည်။ အောင်ဆန်း၏ပထမအကြိမ်ရှုံးခြင်းနှင့် နောက်ဆုံးအကြိမ်ရှုံးခြင်းပေတည်း။
ထိုနှစ် ၁၉၃၇-၃၈တွင် အောင်ဆန်းသည် တ-က-သ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ပင် ဆက်လက် ဆောင်ရွက်ပါသည်။ ဥက္ကဋ္ဌဖြစ်ထိုက်သော်လည်း မလုပ်ရသဖြင့် စိတ်ကောက်မသွားဘဲ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပါသည်။ ထို့နောက် ၁၉၃၈-၃၉တွင် အောင်ဆန်းကို တ-က-သ၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြလေသည်။
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်