အချစ်မရှိတဲ့ တစ်နေ့ သော အခါ
တစ်ခါတုံးက ပရိတတ္တိ ပဋိပတ္တိ
ကျွမ်းကျင်တဲ့ ဆရာတော် တစ်ပါးရှိတယ်။ ဆရာတော်က စာလည်း ချပါတယ်။ တရားလည်း
ဟောပါတယ်။ သံဃာ့ အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်း တွေမှာလည်း ပါနေတော့
အစည်းဝေးပွဲတွေ မကြာခဏ တက်နေရပါတယ်။ ဆိုလိုတာကတော့ နေ.စဉ် အလုပ်များ နေတဲ့
ဆရာတော်ပါ။
တစ်နေ.တော့ ဆရာတော်မှာ နှလုံးရောဂါ ပုံစံမျိုး ရောဂါတစ်ခု ၀င်လာပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောလဲဆိုတော့ “ ဆရာတော် နှလုံးရောဂါ ဖြစ်ချင်တဲ့ ပုံစံပါပဲ ဘုရား၊ ဒါကြောင့် ဆရာတော် ဘာအလုပ်မှ မလုပ်ပဲ တစ်လလောက် အနားယူပေးပါ ဘုရား။ စာလည်း မချပါနဲ့၊ စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေး ပါဦးဘုရား “ လို့ လျှေက်တင်ပြီး သောက်ဆေးလည်း ပေးလိုက်ပါတယ်။
ဆရာတော် ကလည်း ဆရာဝန် ပြောတဲ့ အတိုင်းပဲ တစ်လလောက် အနားယူ လိုက်ပါတယ်။ ဒီတစ်လ အတွင်း စာလည်းမချ၊ တရားလည်း မဟော၊ သာရေး နာရေး မလိုက်ဘဲနေ နေလိုက်တယ်။ ဒီတော့ ဘာအလုပ်မှ အလုပ်ရတော့ အချိန်တွေက တစ်အားပိုနေပါတယ်။ တခြား ဘာမှ လုပ်စရာ မရှိတာနဲ့ တရားပဲထိုင် အားထုတ်ပြီး နေလိုက်ပါတယ်။ ဆရာတော်က တရား အားထုတ်ရင်းနဲ့ စိတ်ထဲမှာလည်း ကျေကျေနပ်နပ် နဲ့ ၀ိပသနာ ဥာဏ်စဉ်လေးတွေ ၀င်လာပါတယ်။
တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော် တစ်ပါးကြွ လာပါတယ်။ ကြွလာတာကတော့ လူနာမေး ကြွလာတာပါ။ စကားတွေ ပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က ဘာပြောသလဲဆိုတော့ “ ဆရာတော်ရယ် တပည့်တော် ဒီရောဂါ ဖြစ်လိုက်တော့ စာလည်းမချရ၊ တရားလည်း မဟောရ၊ သာရေး နာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ် ဘုရား။ တရားမှတ်ရင်းနဲ့ ဥဏ်စဉ် လေးတွေ ထိုက်သင့် သလောက် ၀င်လာတော့ စိတ်ထဲလည်း အေးအေးချမ်းချမ်း ရှိလာတယ် ဘုရား။ အဲဒါ တပည့်တော် ဘယ်လိုစဉ်းစား မိလဲဆိုတော့ ငါ ဒီရောဂါသာ မဖြစ်ရင် ဒီလိုတရား အားထုတ် ဖြစ်မှာ မဟုတ်ဘူး။ ရောဂါဖြစ်လို့ တရားအားထုတ် ဖြစ်တာလို့ စဉ်းစားမိတယ် ဘုရား။ ပြီးတော့ ဒီရောဂါ ဖြစ်တာတောင် ကျေးဇူးတင်နေ မိတယ်ဘုရားလို့ လျှေက်ပြပါတယ်။
ဒီတော့ သူငယ်ချင်း အာဂန္တု ဆရာတော်ဘုရားက ဘာပြန်ပြောလဲ ဆိုတော့ ကပ်ကြီး ဆိုက်တော့ လဒ်ကြီး တိုက်တာပေါ့ လို့ ပြန်ပြောလိုက် ပါသတဲ့။ ကျောင်းထိုင် ဆရာတော်လည်း အာဂန္တု ဆရာတော် ပြောတဲ့ “ကပ်ကြီးဆိုက်တော့ လဒ်ကြီး တိုက်တာပေါ့ “ ဆိုတာကို သိပ်သဘောကျ သွားပါသတဲ့။ ဒါဟာ ရေဂါဝေဒနာက ၀ိပဿနာ ကုသိုလ် ဖြစ်ဖို့အတွက် ကျေးဇူး ပြုလိုက်တာပါ။ ရောဂါ ဖြစ်စရာကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။ တကယ်တော့ ၀ိပဿနာ တရားဟာ နေရာတိုင်း မှာ အသုံးပြုလို့ ရ ရ နေတာပါ။
ဒီလို အပြုအမူလေးတွေ ပြုမူနိုင်ဖို့ ဆိုတာကလည်း ကိုယ့်မှာ တရား ဗဟုသုတ လေးတွေ ရှိနေမှပါ။ တရားဗဟုသုတ မရှိပြန် ရင်လည်း အော်လို့ပဲ ငြီးနေရမှာပါ။ တရား ဗဟုသုတ လေးတွေ ရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာပါပဲ။ ပြသနာ ကြုံတဲ့ အခါမှာ ကိုယ်ဖတ်ထားတဲ့ တရားဗဟုသုတ လေးတွေကို ပြန်နှလုံးသွင်းပြီး ကျင့်သုံး သွားလို့ရပါတယ်။
ကိုယ်သိထားတဲ့ ဗဟုသုတ လေးတွေနဲ့ အပြင်မှာ လက်တွေ. တစ်ခါ အသုံးချ ကြည့်ဖြစ်တိုင်း တော်တော် ဟုတ်တဲ့ ငါပါလား ဆိုပြီး ကိုယ့်ကိုယ် ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။
လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီး ရယ်ပါ။ ကိုယ့်မှာ နှလုံးသွင်းစရာ တရား ဗဟုသုတ တစ်ခုခု ရှိနေပါမှ။ မရှိရင် သိပ်ပူလောင် ရတာပါ။
စာရေးသူ ကတော့ နှလုံးသွင်းစရာ တရား အသိလေး တွေရဖို့၊ ယောဆရာတော် ဘုရား၊ ဆရာတော် ဦးဇောတိက၊ ဘုန်းကြီး ဦးဆေကိန္ဒ၊ ဦးဇင်း အရှင်ဆန္ဒာဓိက စာအုပ်တွေ တရားခွေ တွေကို အလုပ်တစ်ခုလို ကို သဘောထားပြီး ဖတ်ဖြစ် နာဖြစ် ပါတယ်။ ဒီဆရာတော် ဘုရားတွေက အပြင်မှာ လက်တွေ. အသုံးချလို့ ရအောင် ရေးပြ ဟောပြ ထားလို့ပါ။ ကိုယ်တိုင်က ကြည်ညို တာလည်း ပါသလို၊ ပုဂ္ဂိုလ်ရေး သံယောဇဉ် ရှိတာလည်း ပါပါတယ်။
အဓိက ရည်ရွယ်ချက် ကတော့ အာရုံဆိုးတွေနဲ့ တွေ.တဲ့အခါ နှလုံးမသွင်း တတ်ဘဲ အမှားတွေ ကျုးလွန် မိမှာဆိုးလို့ပါ။
လောဘကြောင့်သေ ပြိတ္တာပြည်။ ဒေါသကြောင့်သေ ငရဲပြည်။ မောဟကြောင့်သေ တိရစ္ဆာန်ပြည်။ အားလုံး ကြားဖူးတဲ့ စကားလေးပါ။ ဒါပေမဲ့ သုတ်ပါထေယျ အဋ္ဌကထာ စက္က၀တ္တိ သုတ်မှာ ကျတော့-
လောဘဆိုတဲ့ အငတ်ဘေးကြောင့် သေရင် ပြိတ္တာပြည် ။ ဒေါသဆိုတဲ့ လက်နက်ဘေး ကြောင့်သေရင် ငရဲပြည်။ မောဟ ဆိုတဲ့ အနာရောဂါ ဘေးကြောင့် သေရင် နတ်ပြည်တဲ့။
“မောဟဆိုတဲ့ အနာရောဂါ ဘေးကြောင့်သေရင် နတ်ပြည်တဲ့" ဆှိုတော့ ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
အဋ္ဌကထာဆရာက ရောဂါ ဝေဒနာ ခံစား နေရတဲ့အထဲမှာ ကိုယ်ခံစား နေရတဲ့ ရောဂါလေးကို အာရုံပြုပြီး “ အခုလို ငါခံစားရသလို သတ္တ၀ါတွေ မခံစား ရပါစေနဲ့ " မေတ္တာစိတ် ဖြစ်နေမယ်၊ မေတ္တာပို့ နေမယ်ဆိုရင် အဲဒီ မေတ္တာ စိတ်နဲ့ သေ သွားရင် နတ်ပြည် ရောက်မှာပါတဲ့။ ဒါကြောင့် အနာရောဂါ နဲ့သေရင် နတ်ပြည်လို. ပြောတာပါတဲ့။
ရောဂါ ဝေဒနာ ဖြစ်လာတဲ့အခါ ကိုယ်ခံစား နေရတာကို အာရုံပြုရင်း ကိုယ်ချင်းစာစိတ် မွေးပြီး “ ငါခံစား နေရသလို သူလည်း မခံစား ရပါစေနဲ့ “ လို့ မေတ္တာပွား တဲ့နည်းကလည်း တစ်မျိုး ကောင်းပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ. အသုံးချ ကြည့်လို့ ရလို့ပါ။ ရောဂါ ဝေဒနာ ကြီးကြီးမှတင် မဟုတ်ပါဘူး၊ ဥပမာ ခေါင်းကိုက် နေရင်လည်း “ငါ ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားရသလို သူလည်း မခံစား ရပါစေနဲ့ လို. “ မေတ္တာ ပွားလို့ရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်စိတ် အစဉ်သဖြင့် ဖြစ်နေဖို့ သိပ်အရေးကြီးတာ ဆိုတော့ ကိုယ့်ရင်ထဲမှာ မေတ္တာစိတ် ဖြစ်နေရင်လည်း ကုသိုလ်စိတ် ဖြစ်နေတာပါ။ အဲဒီ စိတ်ကလေးနဲ့ ဖြတ်ကနဲ သေသွားရင်တောင် ကောင်းတဲ့ဂတိ တစ်ခုခု တော့ ရောက်သွားမှာ အသေအချာပါပဲ။ ဝေဒနာ ဖြစ်လာပြီဆိုရင် ကိုယ့်မှာ တရား ဗဟုသုတ လေးတွေရှိမှ အဲဒီ တရားဗဟု သုတလေး တွေနဲ့ နေနေ မှ အဆင်ပြေတာပါ။
အဲဒီလို မဟုတ်ပဲ ဖြစ်ပ်ါနေတဲ့ ဝေဒနာကို သည်းမခံနိုင်ပဲ အော်ဟစ်ငြီးတွား နေမယ်ဆိုရင် ပိုလို့ပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရမှာပါ။ အကောင်းဆုံးကတော့ ဝေဒနာ ဖြစ်လာပြီဆိုရင် တရားလေးနဲ့ နေတာက အကောင်းဆုံးပါပဲ ။ ဂုဏ်တော်ပဲ ပွားပွား၊ မေတ္တာပဲ ပွားပွား၊ ၀ိပဿနာ ပဲ အားထုတ် အားထုတ် တစ်ခုခုကို ပွားနေ ဖို့ပါ။ ဒါမှမဟုတ် ဂုဏ်တော် တလှည့်ပွား လိုက်၊ မေတ္တာ တစ်လှည့်ပွားလိုက်၊ ၀ိပဿနာ တစ်လှည့် ပွားလိုက် နဲ့ တစ်လှည့်စီ ပွားနေလို့ရပါတယ်။
ရှေ့က အာဂန္တု ဆရာတော် ဘုရားကြီး ပြောသလို ဝေဒနာ ဖြစ်လာရတာ ကိုယ့် အတွက် လာဘ်ကြီး လာတိုက် တာပါ။ ဝေဒနာ ဖြစ်လာတော့ ဘာအလုပ်မှ လုပ်စရာ မလိုတော့ပဲ အချိန်တွေ အပြည့်ရနေ တာပါ။ လူတစ်ယောက်ရဲ့ ဘ၀မှာ အဲဒီလို အချိန်ပြည့် ရဘို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ အဲဒီတော့ ဒါဟာ ငါ့အတွက် မဟာ အခွင့်အရေး ကြီးပဲဆိုပြီး တရားကို ဖိအားထုတ် ပစ်ဖို့ပါ။
ရောဂါ ဖြစ်နေတုံး တရားအားထုတ် တာဟာ တစ်ဖက်က ဘုရားဆေး နဲ့ကုပေး နေတာပါ။ လောကီဆေး သက်သက်တင် မဟုတ်ပဲ လောကုတ္တရာ ဆေးပါ ပေါင်းကုလိုက်တော့ ရောဂါအတွက် တစ်ခုခုတော့ အထောက် အကူပြုသွားမှာပါ။
လူတိုင်း မဟုတ်ပေမဲ့ တစ်ချို. ကုလို့မရတော့တဲ့ ရောဂါတွေ ၀ိပဿနာ တရား အားထုတ်ရင်း ပျောက်သွားတဲ့ သာဓကတွေ ကိုယ်တွေ. ဖြစ်ရပ်တွေကို စာတွေထဲမှာ ပြန်ရေးပြထား တာတွေ ဖတ်ကြ ရဖူးမှာပါ။ တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရား အားထုတ်လိုက်မှ ပျောက်သွားတာ၊ ဗိုက်ထဲက အလုံး တရားအား ထုတ်ရင်း ပျောက်သွားတာ စသဖြင့် အများကြီးပါပဲ။
တစ်ချို.ရောဂါ ဝေဒနာတွေဟာ စိတ်ဆင်းရဲမူ့ကြောင့် ရောဂါ ပိုဆိုးသွားရတာတွေ အများကြီး ရှိပါတယ်။ ရောဂါ ဖြစ်နေတဲ့ အချိန်မှာ စိတ်ချမ်းသာဖို. သိပ်အရေးကြီး ပါတယ်။ စိတ်ချမ်းသာ ဖို့ အတွက် ၀ိပဿနာ တရားက သိပ်အဓိက ကျတာပါ။
စိတ်ဆင်းရဲတယ် ဆိုတာ ရင်ထဲမှာ အကုသိုလ် ကိလေသာ တစ်ခုခု ၀င်နေလို့ပါ။ ၀ိပဿနာ တရား မှတ်နေရင် အကုသိုလ် ကိလေသာတွေ တဒင်္ဂ ငြိမ်းနေတာပါ။ ရင်ထဲမှာ အကုသိုလ် ကိလေသာတွေ ငြိမ်းနေရင် စိတ်ချမ်းသာ နေရတာပါ ။ ဒါကြောင့် ရောဂါ ဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့ ၀ိပဿနာ တရားလေးကို အထောက်အကူ အဖြစ် ယူထား သင့်ပါတယ်။
ခန္ဓာ ရှိနေတဲ့ အတွက် ဝေဒနာကလည်း ရှိနေမှာပါ။ ခန္ဓာ မရှိမှသာ ဒီဝေဒနာက မရှိတော့မှာ။ ခန္ဓာ မရှိဖို့ အတွက်လည်း ဒီခန္ဓာ ကိုယ်ကြီးကိုပဲ ပြန်အားကိုးရမှာ၊ ပြန်အသုံးချ ရမှာပါ။ ဘာပဲပြောပြော လူ့ဘ၀ ရနေတာ သိပ်ပြီး ကံကောင်းနေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက် ကုသိုလ်တွေ ပြုခွင့် ရနေလို့ပါ။ ဒါနပဲ ပြုပြု၊ သီလပဲ ဆောက်တည် ဆောက်တည်၊ ပရဟိတပဲ လုပ်လုပ် ၊ သမထပဲ ပွားပွား၊ ၀ပဿနာ ပဲပွားပွား ကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့် ရနေလို့ပါ။
အချစ်ကြောင့် သောက ရောက်လို့ပဲ အားထုတ် အားထုတ် ၊ ပါရမီဖြစ် ကုသိုလ် ဖြစ်ပဲ အားထုတ်၊ အားထုတ်၊ စိတ်ချမ်းသာ ဖို့ သက်သက် အတွက်ပဲ အားထုတ် အားထုတ်၊ စိတ်ဆင်းရဲ မူ့တွေ ပျောက်ဖို. အတွက်ပဲ အားထုတ် အားထုတ်၊ဘယ်လို အကြောင်းကြောင့် ပဲအားထုတ်၊အားထုတ် ၀ိပဿနာ တရား အားထုတ် ဖြစ်နေတာကိုက လူ.ဘ၀ ရခိုက်မှ အဓိပ္ပါယ် ရှိတဲ့ အလုပ်ကို လုပ်နေတာပါပဲ။
အချစ် မရှိတဲ့ တစ်နေ. သောအခါ ဖြစ်အောင် ကိုယ်ဆီ ကြိုးစားရမှာပါ။ ဘယ်တော့ ရောက်ဖြစ်ကြမယ် ဆိုတာကတော့ မသိပါဘူး။ သံသရာ အဆက်ဆက် ချစ်ခဲ့ရတဲ့ အချစ် တွေကလည်း မနည်းတော့ ပါဘူးလေ။ ဘာပဲပြောပြော အချစ်မရှိတဲ့ တစ်နေ.သောအခါ ဖြစ်ဖို.အတွက် ၀ိပဿနာ တရားမှ တစ်ပါး အခြားမရှိ တာတော့ အမှန်ပါပဲလေ။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

Comments
Post a Comment